ကာလတိုအသုံးစရိတ်အစီအစဉ်နှင့်ပတ်သက်၍ ရီပတ်ဘလစ်ကင်ပါတီနှင့် ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ်များအကြား သဘောတူညီချက်မရရှိသဖြင့် အမေရိကန်ဖက်ဒရယ်အစိုးရ ၏ ပုံမှန်လုပ်ငန်းများလုပ်ဆောင်မှုကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက် (၀၀:၀၁) နာရီမှစတင် ၍ ရပ်ဆိုင်း (Shutdown) ခဲ့ရပြီး ယင်းအခြေအနေကြောင့် ဖက်ဒရယ်အစိုးရဝန်ထမ်း ထောင်ပေါင်း များစွာ၏ လုပ်ခ၊ လစာပေးချေမှုအပါအဝင် နိုင်ငံ၏ အရေးပါသည့် စီးပွားရေးအညွှန်းကိန်းများ ထုတ်ပြန်မှုကို ဆိုင်းငံ့ရနိုင်ကြောင်း၊ ဆိုင်းငံ့ကာလကြာမြင့်သည်နှင့်အမျှ စီးပွားရေးတိုးတက်မှုနှင့် အစိုးရ၏နေ့စဉ်လုပ်ငန်းများအပေါ် မှီခိုလျက်ရှိသည့် စီးပွားရေးလုပ်ငန်းများကိုပါ ထိခိုက်နိုင်မှုရှိနိုင်ပြီး စီးပွားရေးကဏ္ဍများအပေါ် သက်ရောက်နိုင်ခြေမှာ အောက်ပါအတိုင်းဖော်ပြထားပါသည် -
၁။ ဖက်ဒရယ်အစိုးရဝန်ထမ်းများအပေါ်သက်ရောက်မှု နှင့်ပတ်သက်၍ ပုံမှန်လုပ်ခ၊ လစာများရရှိသည့်အစိုးရဝန်ထမ်းများသည် လုပ်ခ၊ လစာများမရရှိသဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ၌ ငွေကြေးသုံးစွဲမှု လျော့ကျလာနိုင်ပြီး အစိုးရလုပ်ငန်းများ ရပ်ဆိုင်းခြင်းကြောင့် အလုပ်မှလုပ်ခ၊ လစာ မရရှိဘဲ ခွင့်ဖြင့်နေထိုင်ရသည့်ဝန်ထမ်းများ (Unpaid Furlough) တိုးလာနိုင်ကြောင်း၊ အစိုးရလုပ်ငန်းများရပ်ဆိုင်းပါက ဝန်ထမ်းအများအပြားကို အလုပ်မှလျှော့ချနိုင်ကြောင်း သမ္မတထရမ့်က ခြိမ်းခြောက်ပြောကြားထားရာ အစိုးရလုပ်ငန်းများရပ်ဆိုင်းခြင်းကြောင့် အလုပ်မှ ခွင့်ပေးခြင်းခံရသည့်ဝန်ထမ်းများအနေဖြင့် ငွေကြေးသုံးစွဲရာတွင် စိုးရိမ်မှုရှိလာနိုင်ကြောင်းနှင့် အစိုးရလုပ်ငန်းများရပ်ဆိုင်းခြင်းကြောင့် ဖက်ဒရယ်အစိုးရဝန်ထမ်းဦးရေ (၇၅၀,၀၀၀) အပေါ် သက်ရောက်နိုင်သည်ဟု လွှတ်တော်ဘတ်ဂျက်ရုံး (Congressional Budget Office, CBO) က ခန့်မှန်းထားပါကြောင်း၊
၂။ အလုပ်သမားစာရင်းအင်းဗျူရို (Bureau of Labor Statistics, BLS) သည် စီးပွားရေး အချက်အလက်များ ကောက်ယူခြင်း သို့မဟုတ် ထုတ်ပြန်ခြင်းများရှိမည်မဟုတ်ကြောင်းနှင့် ရပ်ဆိုင်းသည့်ကာလအပေါ်မူတည်၍ ငွေကြေးဖောင်းပွမှု လစဉ်အစီရင်ခံစာထုတ်ပြန်မှုအပေါ်တွင်လည်း သက်ရောက်မှုရှိနိုင်ကြောင်း၊
၃။ ဖက်ဒရယ်အစိုးရ၏ နေ့စဉ်လုပ်ငန်းဆောင်ရွက်မှုအပေါ် မှီခိုနေသည့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများအနေဖြင့် လုပ်ငန်းများဆုံးရှုံးခြင်း သို့မဟုတ် နှောင့်နှေးခြင်း ဖြစ်ပေါ်နိုင်ကြောင်း၊ ၂၀၁၃ ခုနှစ်၊ ဖက်ဒရယ်အစိုးရလုပ်ငန်းများရပ်ဆိုင်းခြင်း (2013 Shutdown) ကြောင့် စစ်မှုရေးရာဝန်ကြီးဌာန (ယခင်ကာကွယ်ရေးဝန်ကြီးဌာန) ၏ ကန်ထရိုက်တာ Lockheed Martin ကုမ္ပဏီမှ ဝန်ထမ်းဦးရေ (၃,၀၀၀) အထိ ထိခိုက်ခဲ့ပြီး ဖက်ဒရယ်အစိုးရပိုင်မြေများ၌ ရေနံတူးဖော်ခွင့်လိုင်စင်ထုတ်ပေးခြင်း၊ ဘီယာ၊ ဝိုင်နှင့် အဖျော်ယမကာ ပို့ကုန်လိုင်စင်များ၊ အသေးစားလုပ်ငန်းများ၊ အိမ်ပိုင်ရှင်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းများသို့ ချေးငွေထုတ်ပေးခြင်းတို့လည်း ရပ်ဆိုင်းခဲ့ရာ ပုဂ္ဂလိကကဏ္ဍအလုပ်အကိုင်ပေါင်း (၁၂၀,၀၀၀) အထိ ထိခိုက်ခဲ့ကြောင်း၊
၄။ စီးပွားရေးတိုးတက်မှု။ ဖက်ဒရယ်အစိုးရလုပ်ငန်းများရပ်ဆိုင်းခြင်းကြောင့် အစိုးရ အသုံးစရိတ်များ လျော့ကျကာ လုပ်ငန်းဆောင်ရွက်မှုကျဆင်းစေကြောင်း၊ အစိုးရ လုပ်ငန်းများရပ်ဆိုင်းခြင်း ရက်သတ္တ (၁) ပတ်ကြာမြင့်တိုင်း ၂၀၂၅ ခုနှစ်၊ စတုတ္တ သုံးလပတ် ဂျီဒီပီသည် (၀.၁၅) ရာခိုင်နှုန်း လျော့ကျစေနိုင်သည်ဟု Goldman Sach က ခန့်မှန်းထားကြောင်း၊ ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် (၃၄) ရက်ကြာ အစိုးရလုပ်ငန်းများ တစ်စိတ်တစ်ပိုင်းရပ်ဆိုင်းခဲ့ခြင်းကြောင့် ၂၀၁၉ ခုနှစ်၊ ပထမသုံးလပတ် ဂျီပီပီသည် (၀.၄) ရာခိုင်နှုန်း လျော့ကျခဲ့သည်ဟု CBO က ခန့်မှန်းခဲ့ပါ ကြောင်း၊ အစိုးရလုပ်ငန်းအားလုံးပိတ်သိမ်းခြင်းသည် ထိခိုက်မှု ပိုမိုဖြစ်စေနိုင်ပြီး ၂၀၁၃ ခုနှစ်၊ ဘဏ္ဍာငွေအတည်ပြုချက်မရရှိသေးသည့်ကြားကာလ (၁၆) ရက်အတွင်း နှစ်အလိုက်စီးပွားရေးတိုးနှုန်းသည် (၀.၆) ရာခိုင်နှုန်း လျော့ကျခဲ့သည်ဟု အမေရိကန် အိမ်ဖြူတော်၊ စီမံခန့်ခွဲမှုနှင့် ဘတ်ဂျက်ရုံး (Office of Management and Budget, OMB) က ခန့်မှန်းခဲ့ပါကြောင်း၊
၅။ ခရီးသွားလာမှုကဏ္ဍတွင် အစိုးရလုပ်ငန်းများရပ်ဆိုင်းခြင်း ရက်သတ္တ (၁) ပတ် ကြာမြင့်တိုင်း အမေရိကန်ဒေါ်လာ (၁) ဘီလီယံအထိ ဆုံးရှုံးနိုင်သည်ဟု အမေရိကန် ခရီးသွားလာရေးအသင်းအဖွဲ့ (U.S. Travel Association) က ယခင်ရက်သတ္တပတ် အတွင်း လွှတ်တော်ခေါင်းဆောင်များသို့ ပေးပို့သည့်စာတွင် သတိပေးဖော်ပြခဲ့ ကြောင်း၊ အမိမြေလုံခြုံရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနတို့၏ ထုတ်ပြန် ချက်များအရ ပို့ဆောင်ရေးလုံခြုံရေးအုပ်ချုပ်မှုဌာန (Transportation Security Administration) မှ ဝန်ထမ်းအများစုနှင့် Air-traffic controller များသည် လုပ်ခ၊ လစာမရဘဲ အလုပ်လုပ်ကိုင်ကြမည်ဖြစ်ကြောင်း၊ အမျိုးသားပန်းခြံဝန်ဆောင်မှုဌာန ကလည်း လမ်းများ၊ လမ်းကြောင်းများ (Trail) နှင့် အထိမ်းအမှတ်နေရာများကို ဖွင့်လှစ်ထားမည်ဟု ထုတ်ပြန်ခဲ့ပါကြောင်း သိရှိရသည်။
source: ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့